ပွင့်ဖြူ ၂၄ ဩဂုတ်

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပွင့်ဖြူမြို့နယ်သည် နှစ်စဉ် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှု အများဆုံး မြို့နယ်တစ်ခုဖြစ်ရာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်လည်း စုစုပေါင်း မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧကအထိ စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

 

mdn

 

မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှိုင်မြင့်က “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ မကွေးတိုင်း ဒေသကြီးအတွင်း ဆန်စပါး အများဆုံးစိုက်ပျိုးတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ အခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာလည်း စပါးစိုက်ဧကပေါင်း ၇၁၀၈၇ ဧက လျာထားပြီး စိုက်ပျိုးမှုအနေနဲ့ကတော့ အစိုးရဆည်ရေသောက်စနစ်ဖြစ်တဲ့ မဲဇလီ၊ အိုင်းမ၊ လင်းဇင်း ဆည်ရေတွေနဲ့ ၆၅၅၈၉ ဧက၊ ရွာသာကြီး၊ ကျောင်းကုန်းကြီး၊ ရေပုတ်ကလေးနဲ့ ဘုရားကုန်း လျှပ်စစ်ရေတင်စနစ်နဲ့ ၈၈၆ ဧက၊ ဆည်ငယ်၊ ကန်ငယ် ရေသောက်စနစ်နဲ့ ၃၈၂ ဧက၊ ရေစုပ်စက်စနစ်နဲ့ ၁၆၁၀ ဧကနဲ့ မိုးကောင်းသောက်စနစ်နဲ့ ၂၆၂၀ ဧက ဖြစ်ပါတယ် ဟု ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပျိုးထောင်ရေနှင့် စိုက်ပျိုးရေများကို စနစ်တကျ ဖြန့်ဝေပေးလျက်ရှိသည့်အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ကူညီပေးလျက်ရှိရာ တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးခွင့်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)