ပွင့်ဖြူ   ၁၈   စက်တင်ဘာ    

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid – 19  ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာဖတ်တတ်သူတိုင်း စာပေအသိပညာ တိုးပွား စေရေးအတွက် ရည်ရွယ်ကာ  မြို့နယ်ပြည်သူ့စာကြည့်တိုက်(Online Page)မှ တစ်ဆင့် သုတရသစာအုပ်အညွှန်း မိတ်ဆက်ခြင်း အစီအစဉ်အား အပတ်စဉ် ကြာသာပတေးနေ့တိုင်း စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ သုတရသစာအုပ်အညွှန်း မိတ်ဆက်ခြင်းအစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အသင်းနှင့် ပူးပေါင်းပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်(Online Page)မှ တစ်ဆင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရေး အတွက် ရှာဖွေဖတ်ရှုနိုင်ရန် ထုတ်လွှင့်တင်ဆက် ပေးခြင်းဖြစ်ကြောင်း သိရပြီး ယခုတစ်ပတ်တွင် သုတရသစာအုပ်အညွှန်း မိတ်ဆက်ခြင်းအစီအစဉ်ကို မြို့နယ်(Book Club)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်အေး က စာရေးဆရာ ဟိန်းလတ် ရေးသားသည့် စင်ကာပူနိုင်ငံရဲ့ ဒုတိယမြောက်ဝန်ကြီးချုပ် “ဂိုချောက်တောင် စာအုပ်အား စာပေဝါသနာရှင်များ ရှာဖွေဖတ်ရှုနိုင်ရန် စာအုပ်အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်အဖြစ် မျှဝေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

စာရေးဆရာ ဟိန်းလတ်ရဲ့ စင်ကာပူနိုင်ငံဝန်ကြီးချုပ်ဂိုချောက်တောင် စာအုပ်တွင် အခန်း(၁၀)ခန်း ပါဝင်ပြီး ဝန်ကြီးချုပ် ဂိုချောက်တောင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများ ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများ ၊ အင်တာဗျူး ထားသည့်အစီအစဉ်များ ၊  လူသားတိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ၊ စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် စိန်ခေါ်မှုများ  စသည့် သိမှတ်ဖွယ်ရာများ ပါဝင်ကြောင်း သိရသည်။

 

ကမ္ဘာတစ်ဝှမ်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင်  ပြည်သူများ စာပေအသိပညာ တိုးပွားစေရေးအတွက် သုတရသ စာအုပ်အညွှန်း မိတ်ဆက်ပေးရာတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အသင်းဉက္ကဌ ဦးစောလွင် မှ ဦးဆောင်ကာ အသင်းအဖွဲ့ဝင်များက ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ကလေးကြိုက်ကဗျာများ အပါအဝင် ဗဟုသုတမျိုးစုံရရှိစေသော စာအုပ်ကောင်းများကို မျှဝေမိတ်ဆက်ပေးနေကြောင်း သိရသည်။ အဆိုပါ စာအုပ်အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်(Online Page)မှ တစ်ဆင့် အများပြည်သူ လေ့လာနိုင်ရန် အပတ်စဉ် ကြာသာပတေး နေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ပြောသည်။  

 

ရဲဝင်းနိုင် ( ပြန်/ဆက် )