ပွင့်ဖြူ       ဩဂုတ်        ၂၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မဲဇလီဆည်ရေသောက် ဧရိယာအတွင်းရှိ ချောင်းကောမြောင်းကော ရိုး(၁၀)ခု အကောင်အထည်ဖော် တူးဖော်ဆောင်ရွက် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါလုပ်ငန်းများကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၄၉ သန်းဖြင့် Lot - 2 လုပ်ငန်းဖြစ်သည့် မြေစွန်းရိုး၊ ငါးစင်ရိုင်းရိုး ၊ ငါးဖယ်အိုရိုး ၊ ငါးရင်ချောင်းရိုး တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင် သော စိုးမြင့်မိုရ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ပြီး  Lot - 3 လုပ်ငန်းဖြစ်သည့် နွားကူးရိုး ၊ ဟင်းသမရိုး ၊ သဲချောင်းရိုး ၊ ဇီးပင်ရိုး ၊ မန်ကျီးကန်ရိုး ၊ တောင်မုန်း ၁၀(က)ရိုး တူးဖော်ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သော လျှံလျှံကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ရိုး(၁၀)ခု တူးဖော်ခြင်းလုပ်ငန်းကို ဇွန် ၁၅ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၁၅ ရက်နေ့တွင် အောင်မြင်စွာ တူးဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေအပြည့်အဝ ရယူသုံးစွဲနိုင်ရေး စနစ်တကျ ဖြန့်ဝေပေးလျက်ရှိ၍ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မဲဇလီဆည်ရေသောက်ဧရိယာအတွင်းရှိ ချောင်းကောမြောင်းကော ရိုး(၁၀)ခုအား အောင်မြင်စွာ တူးဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံ တောင်သူများ မိုးရာသီကာလတွင်ကြုံတွေ့နေရသည့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေမည့်အပြင် စိုက်ပျိုးရေအဆင်ပြေစွာ ပိုမိုရယူသုံးစွဲနိုင်မည်ဖြစ်သဖြင့် လယ်မြေစိုက်ဧကများ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်သွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )