မိတ္ထီလာ ၂၉ မေ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပြင်သစ်နိုင်ငံအခြေစိုက် GERES အဖွဲ့ ပူးပေါင်း၍ ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး AFD ၏ရန်ပုံငွေဖြင့် မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ ဝေးလံခေါင်းပါးသောကျေးရွာများမှ အိမ်ထောင်စုများ စွမ်းအင်ရရှိရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း Reach Project အကြောင်းရှင်းလင်းပွဲကို ယနေ့ ၁၀ နာရီက မိတ္ထီလာမြို့ တော်ဝင်နန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက သာစည် မြို့နယ် အတွင်းဆောင်ရွက်မည် Reach Project နှင့်ဆက်စပ်ပြီး ဌာနမှ ပူးပေါင်းပံ့ပိုးကူညီခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြင်သစ်နိုင်ငံအခြေစိုက် GERES အဖွဲ့မှ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Mr.MarCoGaspari က Reach Project နှင့် ပတ်သက်၍ မိတ်ဆက် အမှာစကား ပြောကြားသည်။
ထို့နောက် မိတ္ထီလာခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးလွင်က စီမံကိန်းအကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး GERES အဖွဲ့မှ စီမံကိန်း ညှိနှိုင်းရေးမှူး ဒေါ်အေးအေးညိုက စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပါဝင်ဆောင်ရွက်မည့် အဖွဲ့အစည်းများအကြောင်း ရှင်းလင်းတင်ပြသည်။ အဆိုပါစီမံကိန်းရှင်းလင်းပွဲသို့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ သာစည်ကွန်ရက်အဖွဲ့၊ သာစည်မြို့နယ်အတွင်းမှ မီးဖိုထုတ်လုပ်သူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အဆိုပါ Reach စီမံကိန်းအား သာစည်မြို့နယ်အတွင်းမှ ဝေးလံခေါင်ပါးသော ဒေသရှိ အိမ်ထောင်စုများ ရေရှည်တည်တံ့သည့် စွမ်းအင်ရရှိ သုံးစွဲနိုင်ရန်၊ စီမံကိန်းဧရိယာအတွင်း ရေရှည်တည်တံ့သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးခြင်း ကွင်းဆက်ပိုမိုအားကောင်းလာစေရန် စသည်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ စီမံကိန်းကာလမှာ ၂၀၁၉ ဧပြီမှ ၂၀၂၂ နိုဝင်ဘာလအထိဖြစ်ပြီး French Development Agency (AFD) ၏ စီမံကိန်းထောက်ပံ့ငွေ ယူရိုငွေခြောက်သိန်း နှစ်သောင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)