ပင်းတယ ၂၈ ဇွန်
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြိုနယ်၊ မြို့နယ် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ (OSS)မှ ကျေးရွာနေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို တစ်နေရာတည်းတွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ရွေ့လျားဝန်ဆောင် မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထိုးပုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို တစ်ချိန်တည်းတွင် တစ်နေရာတည်း၌ ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဉီးစီးဌာနမှ ဦးစီးမှူး ဦးစောသန်းမြင့်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာမို့မို့ကြည်၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးဦးညွှန့်ထွေး၊ မြို့နယ်စိုက်ပျိုးရေးရုံးမှ ဦးစီးမှူး ဦးအောင်ကျော်ဝင်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာ ဦးစိုင်းသန့်ဇင်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးနိုင်ဝင်းထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်မျိုးလွင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး အောင်ကျော်တို့က လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)လျှောက်ထားခြင်း၊ လူဦးရေ စာရင်းမွေးတိုးဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု စာရင်းဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးနေမှုများ စသည်တို့ကို သက်ဆိုင်ရာ ဌာနများက အသီးသီးရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)လုပ်ငန်းဌာနများမှ ကျေးရွာနေပြည်သူများ လိုအပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုတ်ကွေးနှင့်ပတ်သက်သည့် သတိပြုရမည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


