ပင်းတယ ၁၆ မေ
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပွေးလှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ရှေးဦးသူနာပြုစုနည်းသင်တန်းအမှတ်စဉ်(၁/၂၀၁၉)ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ဗိုလ်မှူးရာဇာငြိမ်းချမ်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကြက်ခြေနီအသင်းဉက္ကဌ ဦးလှအေးက ရှေးဦးသူနာပြုစု နည်းသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဥက္ကဌ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်က ကြက်ခြေနီသင်တန်းများကို ဆက်လက်ဖွင့်လှစ်နိုင် ရေးနှင့် သင်တန်းသား သင်တန်းသူများကိုလည်း သင်တန်းတွင် သင်ကြားထားသည့်ပညာများကို အရေးပေါ် အခြေအနေများကြုံရသည့်အခါများတွင် အသုံးချတတ်ရန်လိုအပ်ကြောင်း ပြောကြားပြီး ဒေသဦးစီးအဖွဲ့မှ သင်တန်းအတွက်ထောက်ပံ့ငွေများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထက်အောင်ဖြိုးက ကြက်ခြေနီလက်စွဲစာအုပ်များနှင့် ပတ်တီးများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် ကြက်ခြေနီသင်တန်းသို့ ပွေးလှကျေးရွာအုပ်စုနှင့် နီးစပ်ရာကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၁၈၄ ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ ၅ ဦးတို့က စာတွေလက်တွေ့များဖြင့် သင်ကြားပြသပေးခဲ့ကြောင်းသိရပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ထူးချွန်ဆုရ သင်တန်းသား/သူများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)