ပြင်ဦးလွင် ၂၆ ဇူလိုင်
မန္တလေးတိုငိးဒေသကြီး ပြင်ဦးလွင်မြို့နယ် ကံကြီးကုန်းကျေးရွာအုပ်စုရှိ ဆေးသုတေသနဦးစီးဌာနမှ ပြန်လည် စွန့်လွှတ်အပ်နှံသော မြေယာများကို မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃) လွှဲပြောင်းပေးအပ် ခြင်းကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အမှာစကားပြောကြားပြီး ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များကို ကံကြီးကုန်းကျေးရွာ တောင်သူများကိုယ်စား ဒေါ်သန်းသန်းဌေးအား လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး မှ တောင်သူများကိုယ်စား ဒေါ်ခင်လေးစိန်အား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းမှ တောင်သူ ဦးမှူး အားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။
ထိုသို့သိမ်းဆည်းစွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် ရပ်ကွက်ကြီး (၁၆) ဆေးသုတေသနဦးစီးဌာန စွန့်လွှတ်မြေများဖြစ်သော မြေဧက ၂၉ ဒသမ ၀၈ ဧကနှင့် ၁၈ ဒသမ ၁၉ ဧက စုစုပေါင်း ၄၇ ဒသမ ၂၇ ဧကရှိပြီး မူလတောင်သူ ၂၂ ဦးထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်တွင် သက္ကချိုင်ကျေးရွာ ခေတ်သစ်လယ်ယာမြေနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း လီမီတက် (ကော်ဖီစီမံကိန်း ညောင်ကုန်းဒေသ)မှ စွန့်လွှတ်မြေ ၅၅ ဒသမ ၁ ဧကအား (၂၈.၃.၂၀၁၄) တွင် လည်းကောင်း၊ ဇီးပင်ကြီးကျေးရွာအုပ်စု ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်မှ စွန့်လွှတ်မြေ ၁၅၅ ဒသမ ၉ ဧကအား တောင်သူ ၄၅ ဦးကို (၃၀.၃.၂၀၁၆) ရက်နေ့တွင်လည်းကောင်း၊ ဇီးပင်ကြီးကျေးရွာ ဗဟိုမီးသတ် သင်တန်းကျောင်းမှ စွန့်လွှတ်မြေ ၂၉၀ ဧကအား တောင်သူ ၆၁ ဦးကို (၃၀.၁၀.၂၀၁၈) ရက်နေ့တွင်လည်းကောင်း၊ လက်ပံကုန်း၊ မြေပုံ၊ စိုးမိုးအိုင်၊ သံတောင်၊ သပြေကျင်းနှင့် လွန်ကောင်းကျေးအုပ်စုအတွင်းရှိ တိုင်းသမဝါယမ အသင်းအဖွဲ့ချုပ်မှ စွန့်လွှတ်မြေ ၄၅၀၀ ဧကအား တောင်သူ ၇၄၄ ဦးကို (၃၁.၁၀.၂၀၁၈) ရက်တွင်လည်းကောင်း ယာယီလုပ်ပိုင်ခွင်ပြုလက်မှတ် ပုံစံ(၃)များ အသီးသီး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အခြားကျန်ရှိနေသေးသော စွန့်လွှတ်မြေများကိုလည်း မူလတောင်သူများထံသို့ မူဝါဒညွှန်ကြားချက်များနဲ့အညီ စိစစ်ဆောင်ရွက်ပြီး မူလတောင်သူများထံသို့ အမြန်ဆုံး လွှဲပြောင်းသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်


