နေပြည်တော် ၂၆ ဇူလိုင်
ပိုးချည်စက်သစ်များဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်ရှိ စိုက်ပျိုးရေး ဦးစီးဌာန ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်ဒေသ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း နှင့် ရှမ်းပြည်နယ်များတွင် ပိုးချည်ထုတ်လုပ်မှု လုပ်ငန်းဖွံ့ဖြိုးလာစေခြင်းဖြင့် ကျေးလက်ဒေသနေ တိုင်းရင်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားရေးအပြင် တန်ဘိုးမြင့် ဒေသထွက်ကုန်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းသော လယ်ယာအခြေခံ ကုန်ထုတ်လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊
ယနေ့ ဖွင့်လှစ်လိုက်သည့် ခေတ်မီပိုးချည်စက်သစ်များကို အသုံးပြု၍ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသည့် ပိုးချည်ကဏ္ဍ မြင့်မားစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဘက် အဖွဲ့အစည်းများနှင့်အတူ ရင်းနှီးမြှုပ်နှံခြင်း၊ ခေတ်မီစက်ကိရိယာများ၊ နည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးစာပင် စိုက်ပျိုးမှုနှင့် ပိုးမွေးမြူရေးလုပ်ငန်း၊ မျိုးပိုးဥထုတ်လုပ်ခြင်း၊ ပိုးစာပင်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်မှု များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပိုးချည်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် ပိုးစာခြံများ၏ လုပ်ငန်းဆောင်ရွက် နေမှုများ၊ မျိုးပိုးဥထုတ်လုပ်မှု အခြေအနေများ၊ ပိုးစာ/ ပိုးသုတေသနလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပိုးမွေးမြူရေး လုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ကုမ္ပများနှင့်ပူးပေါင်း၍ Contract Farming စနစ်နှင့် ဆောင်ရွက်နေမှုများ၊ ပိုးစာစိုက်တောင်သူများ၏ စိုက်ပျိုးခြင်းမှရရှိမည့် အကျိုးအမြတ်များ ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပိုးချည်စက်သစ်များကို ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ပိုးချည်စက်ရုံအတွင်း ပိုးမွေးမြူရေးအခန်း၊ ပိုးချည်ထုပ်ပိုးခန်း၊ ပိုးချည်ရစ်ခန်း၊ ပိုးချည်ငင်ခန်း၊ ပိုးအိမ်ရွေးခန်းများကို ကြည့်ရှုစစ်ဆေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်နှင့် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်မော်တို့က ရှင်းလင်းပြသကြသည်။
မန္တလေးတိုင်းဒေသကြီး၊ ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် ပိုးစာပင်စိုက်ပျိုး၍ ပိုးမွေးမြူခြင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိရာ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ဝင်ငွေနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံတွင် ၂၀၁၈-၂၀၁၉ခုနှစ်အတွင်း ပိုးစာ ဧက ၆၀ဝ၀ ကျော် စိုက်ပျိုးခဲ့ပြီး၊ ပိုးအိမ်ထုတ် လုပ်မှုမှာ နိုင်ငံပိုင်ခြံ နှင့် ပုဂ္ဂလိကခြံများမှ စုစုပေါင်း ပိုးအိမ် ၈၀၈,၂၇၇ ပေါင် (ပေါင်ရှစ်သိန်းကျော်)ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)



