ပြင်ဦးလွင် ၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် ဇီးပင်ကြီး၌ ဖွင့်လှစ်ထားသည့် Quarantine Centerသို့ ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းအထိ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ ၄၁၁ ဦး ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် ပြည်သူများကို စနစ်တကျ စာရင်းကောက်ယူ၍ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက စနစ်တကျနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်ပြည်သူ(၄၁၁)ဦးအား ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး)ရှိ အဆောင်အသီးသီးတွင် နေရာချထားပေးလျက်ရှိရာ ဇူလိုင် ၅ရက်က ပြန်လည်ရောက်ရှိလာသူများတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး၂၅ဦးစုစုပေါင်း ၃၂ ဦးတွင် ကလေး ၆ ဦးနှင့် ကိုယ်ဝန်ဆောင် ၁ ဦးလည်းပါဝင်ကြောင်း သိရသည်။
အမျိုးသားများအား ကံ့ကော်ဆောင်၊ ပိတောက်ဆောင်နှင့် အမျိုးသမီးများအား စိန်ပန်းဆောင်တို့တွင် အသီးသီးစနစ်တကျနေရာချထားပေးခဲ့ကြောင်း သိရသည်။
မြတ်ဆုမွန်


