ပြင်ဦးလွင် ၁၁ စက်တင်ဘာ

 

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု အခြေအနေအရ မန္တလေးမြို့၌ အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ် လိုင်းများအားလုံးကို စက်တင်ဘာလ (၁၀)ရက် ည(၁၂) နာရီမှ စတင်လျှက် ယာယီရပ်နားထားလိုက်ပြီ ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ ၊ မြို့နယ်ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမင်းသူ၏ ပြောပြချက်အရ သိရသည်။

 

ပြင်ဦးလွင်မြို့မှ ရှိနေတဲ့ မော်တော်ယာဉ်လိုင်းတွေကို ယာယီရပ်နားလိုက်ရတာဆိုတာက စက်တင်ဘာ (၁၀) ရက် ညနေ (၃) နာရီခွဲမှာ ပြုလုပ် ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး Corona Virus Disease -2019 (COVID-19) ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းဝေးဆုံးဖြတ်ချက်အရ ရည်ညွှန်းလာတဲ့ အကြောင်းကြားစာကို လိုက်နာဆောင်ရွက်ပြီး ယာယီရပ်နားလိုက်ရတာပါ ဟု ဦးမင်းသူကပြောကြားခဲ့သည်။

 

ထို့အပြင် ပြင်ဦးလွင်အခြေစိုက် မော်တော်ယာဉ်အသင်းပေါင်း(၂၂) သင်း ရှိကြောင်းနှင့် အဆိုပါ မော်တော်ယာဉ် အသင်းအားလုံးသည် နောက်ထပ်ညွှန်ကြားချက် အမိန့်တစ်စုံတစ်ရာ မရမချင်း ခရီးသည်တင်ယာဉ်ပြေးဆွဲမှုများကို ယာယီပိတ်သိမ်းထားကြောင်း သိရသည်။

 

သက်နိုင်(ပြင်ဦးလွင်)