ပြင်ဦးလွင် စက်တင်ဘာ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့နှင့်အတူ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာ ဗဟိုဌာန (ပြင်ဦးလွင်)ရှိ မင်းရဲကျော်စွာ အားကစားခန်းမ၌ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှုများ၊ ဓာတ်ပုံရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ရုံး၌ EID စနစ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်- ၄ မှတ်တမ်းများ စစ်ဆေး ရိုက်သွင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးက “တိုင်းနှင့်ပြည်နယ်အားလုံးရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို data base အတွင်း ထည့်သွင်းပြီးဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို digital လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖြစ်အောင်ဆောင်ရွက်နေသဖြင့် ဝန်ထမ်းများ it ကျွမ်းကျင်နားလည်ရန် လိုသလို cyber security ကိုလည်း ဂရုစိုက်ဖို့လိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် public services ပေးသည့် ဌာန ဖြစ်၍ ဝန်ထမ်းများ ပြည်သူလူထုကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်လိုကြောင်း” လမ်းညွှန်မှာကြားကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)