နေပြည်တော် ဇူလိုင် ၄

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ဖွင့်လှစ်သော အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်မီဒီယာကို နုပျိုသစ်လွင်သည့် အစီအစဉ်များဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပင်မလုပ်ငန်း တာဝန်ဖြစ်သည့် ပြည်သူ့စာကြည့်တိုက် လုပ်ငန်းများကို သမားရိုးကျစနစ်ဖြစ်သည့် စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ စာအုပ်များငှားရမ်းခြင်းလုပ်ငန်းများကို ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ပြောင်းလဲ တိုးတက်လာသော နည်းပညာများနှင့်အညီ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ Digital Library စနစ်သို့ အဆင့်မြှင့်တင် နိုင်ရေးအတွက် e-Library Management System Software အသုံးပြုနည်း သင်တန်းသုံးကြိမ်ဖွင့်လှစ်၍ ဝန်ထမ်း ၈၉ ဦးအား လေ့ကျင့် သင်ကြားပေးမှုနှင့်အတူ Digital Library စနစ်သို့ အဆင့်မြှင့်တင်မည့် ခရိုင်နှင့် မြို့နယ်ရုံးများကို ကွန်ပျူတာများ အပါအဝင် လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ ကြောင်း။

 

အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) တက်ရောက်ကြမည့် ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) များ၊ လက်ထောက်ညွှန်ကြားရေးမှူးများအနေဖြင့် Digital Library စနစ်သို့ အဆင့်မြှင့်တင်၍ စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြီးကြပ်ဆောင်ရွက်နိုင်ရန် e-Library Management System Software အသုံးပြုနည်း ဘာသာရပ်ကို ယခုသင်တန်းတွင် ထည့်သွင်းပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အရာရှိစွမ်းရည်မြှင့် သင်တန်းများကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများဖြင့် နှစ်ကြိမ်ဖွင့်လှစ်ရန် လျာထားခဲ့သော်လည်း လုပ်ငန်းဆိုင်ရာ အရည်အသွေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးများ ပိုမိုကျွမ်းကျင်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများရှိ ဒုတိယ ညွှန်ကြားရေးမှူး (တာဝန်ပေး) များကိုပါ တက်ရောက်စေပြီး သင်တန်းများကို သုံးကြိမ်အထိ တိုးမြှင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မေလနှင့်ဇွန်လအတွင်း အရာရှိစွမ်းရည်မြှင့်သင်တန်း နှစ်ကြိမ်ဖွင့်လှစ်၍ ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) နှင့် လက်ထောက် ညွှန်ကြားရေးမှူး ၅၆ ဦးကို ပို့ချ ပေးနိုင်ခဲ့ကြောင်း။

 

ယခုဖွင့်လှစ်သည့် အရာရှိစွမ်း ရည်မြှင့်သင်တန်း (၃/၂၀၂၂) ခုနှစ် တွင် ဒုတိယညွှန်ကြားရေးမှူး (တာဝန်ပေး) လေးဦးနှင့် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ၁၅ ဦး ပေါင်း ၁၉ ဦး တက်ရောက် ကြမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အရည်အချင်း ပြည့်ဝသည့် ခေါင်းဆောင်များ ဖြစ်လာစေရန်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက် ခေါင်းဆောင်မှုဘာသာရပ်၊ ဦးစီးဌာနလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ဘဏ္ဍာရေးစည်းမျဉ်း ဘာသာရပ်များကို ပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတက်ရောက် နေစဉ်ကာလအတွင်း သင်တန်းစည်းကမ်းချက်များကို တိကျစွာ လိုက်နာ၍ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် လက်တွေ့လုပ်ငန်းတွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးစား သင်ယူကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

 

ဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်