နေပြည်တော် ဖေဖော်ဝါရီ ၂၅

 

မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများ အချင်းချင်းရုံးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အပြန်အလှန်ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ကို အရင်းခံပြီး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှု တို့ကိုရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်ရပ်နားဝင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ပါဝင်ဆင်နွှဲ

ထမနဲထိုးပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်ဆင်နွှဲကြသည်။

 

ရှေးဦးစွာ အမှတ်ပေးအကဲဖြတ်ဒိုင်များက ထမနဲထိုးပြိုင်ပွဲဝင်များနှင့် ပါဝင်ပစ္စည်းများ ခင်းကျင်းပြသထားမှုအပေါ် ကြည့်ရ စစ်ဆေးကြပြီး အမှတ်ပေးစည်းမျဉ်း စည်းကမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲဝင် အသင်းခြောက်သင်းဖြစ်သည့် ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်ကြပြီး အားပေး ကြသူများက အိုးစည်ဗုံမောင်းများ၊ အကအဖွဲ့များ၊ သံချပ်များ၊ သီချင်းများ ပြိုင်တူသီဆိုကြပြီး အပြိုင်အဆိုင် အားပေး ကြသည်။

 

ဆုပေးအပ်ချီးမြှင့်

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများက ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ထမနဲအသင်းများကို ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် ဝန်ကြီးရုံး ထမနဲအသင်းအား ဆုပေး အပ်ချီးမြှင့်ပြီး အမှတ်ပေးအကဲဖြတ်ဒိုင်များအား MRTV DTH စလောင်းနှင့် အမှတ်တရ လက်ဆောင်များပေးအပ်သည်။

 

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲဝင် ၃၆ ဦးအား MRTV DTH စလောင်းများမဲဖောက်၍ ပေးအပ်ခဲ့သည်။

သတင်းစဉ်