နေပြည်တော်၊ အောက်တိုဘာ ၂၆
ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် သီတင်းကျွတ်ကာလ ပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်း ရုံးဆင်းချိန်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
အဆိုပါပျော်ပွဲရွှင်ပွဲနှင့် ဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းများတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်က အားထားရသည့် ဌာနတစ်ခုအဖြစ် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမှာ ဝန်ထမ်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများကို အားတက်သရော ဆောင်ရွက်နေ ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် သီတင်းကျွတ်အခါ သမယတွင် ပျော်ရွှင်စေလိုသည့်အတွက် ယခုလို ပျော်ပွဲရွှင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပြီး ဘဝတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေဟု ဆန္ဒပြုကြောင်း ပြောကြားသည်။
ဖျော်ဖြေတင်ဆက်
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာ့ရုပ်မြင်သံကြားမှ တေးသံရှင်များက ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ ဝန်ထမ်းများက လိုက်ပါသီဆိုကာ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ထို့နောက် သီချင်းဆိုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများကို ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများက ပါဝင်သီဆို ယှဉ်ပြိုင်ကြသည်။
သီဆိုယှဉ်ပြိုင်သူများ၏ အမှတ်များကို ရေတွက်နေစဉ်အတွင်း ဝန်ထမ်းများ၏ ကံစမ်းမဲနံပါတ်များ မဲနှိုက်ကြေညာ၍ စက်ဘီးနှင့် ဆုကြေးငွေများကိုလည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများ အားဆုငွေများကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်းစဉ်