နေပြည်တော်    မတ်    ၂၂

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့အား အမှူးထား၍ ပြန်ကြားရေး ဝန်ကြီးဌာန  ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြု   အလှူတော်မင်္ဂလာအခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အလှူတော်မင်္ဂလာ  အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ  တက်ရောက် ကြသည်။

 

ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး အမှူးပြုသည့် အလှူ့ရှင် အလှူ့အမ ဝန်ထမ်းမိသားစု များသည်  ရဟန်းလောင်းများ၊  ရှင်သာ မဏေလောင်းများနှင့်အတူ   စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

ထို့နောက်  မြန်မာ့ဆိုင်းဝိုင်းကြီးနှင့်အတူ    အနုပညာရှင် ဒိန်းဒေါင်နှင့် ရွှေတံဆိပ်ဆုရှင် ဇော်လင်းတို့က ဦးဆောင် ကာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီးအမှူးပြုသည့် အလှူ့ရှင် အလှူ့အမ   ဝန်ထမ်းမိသားစုများက မြန်မာ့ရိုးရာ   ထုံးတမ်းအစဉ်အလာနှင့် အညီ ရှင်လောင်းထုတ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက်   ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့်   ဝန်ထမ်း မိသားစုများ၊      ဖိတ်ကြားထားသော ဧည့်သည်တော်များသည်      သတ်မှတ် လမ်းကြောင်းအတိုင်း     လှည့်လည်၍  မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ သွားရောက်ပြီး ဦးခိုက်ကန်တော့ခြင်းနှင့် ရှင်လောင်းလှည့်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဆက်လက်၍  ရှင်သာမဏေလောင်းများသည် ရွှေနံသာရပ်ကွက်ရှိ ရွာတော်ရှင်နတ်နန်းသို့ သွားရောက်ပြီး နတ်အပူဇော် ခံကြသည်။   

 

ထိုသို့ ရှင်းလောင်းလှည့်လည်အပြီး ဝန်ကြီးရုံး     အလှူတော်မင်္ဂလာခန်းမ အပြင်တွင် စုစည်း၍ ရှင်လောင်းသွင်းခြင်း အစီအစဉ်ကို    ထုံးတမ်းအစဉ်အလာနှင့် အညီ ဆက်လက်ဆောင်ရွက်ကြသည်။

 

င်းနောက် ရဟန်းလောင်း၊ သာမဏေ လောင်းများ၊ မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသည့်      ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ဆက်လက်၍      ဘိသိက်သွန်းခြင်း မင်္ဂလာအစီအစဉ်ကို ကျင်းပသည်။

 

ထို့နောက် သက်ဆိုင်ရာဌာနအလိုက် ကုသိုလ်ပြုဆောင်ရွက်ကြမည့် ဘုန်းတော် ကြီးကျောင်းများ၌  ဆံချခြင်း၊   ရဟန်း လောင်းများနှင့် ရှင်သာမဏေလောင်းများ သင်္ကန်းတောင်းခြင်း၊  သင်္ကန်းစည်းခြင်း၊ သီလရှင် လောင်းများအတွက်  သီလရှင် ပြုဖွယ်ကိစ္စရပ်များ   ဆောင်ရွက်ခြင်းနှင့် ရဟန်းလောင်းများ ဥပသမ္ပကံဆောင်ခြင်း တို့ကို ဆောင်ရွက်ကြရာ  ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီးနှင့်  ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 

နေ့လယ်စာဖြင့် ဧည့်ခံမည်

အလှူတော်မင်္ဂလာနေ့ မတ် ၂၃ ရက် တွင် ရဟန်းလောင်းများ သိမ်တက်ခြင်း၊ သိမ်ဆင်းလောင်းလှူခြင်း၊   အလှူတော် မင်္ဂလာ   တရားနာယူခြင်း၊   ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ  ဆက်ကပ်လှူဒါန်းခြင်း၊  ရေစက်ချ အမျှအတန်းပေးဝေခြင်းများ ဆောင်ရွက် ကြမည်ဖြစ်ပြီး ဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များ၊      ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။ 

 

ယနေ့  ကျင်းပသော   ပြန်ကြားရေး ဝန်ကြီးဌာန    ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊     ရှင်ပြုအလှူတော် မင်္ဂလာ အခမ်းအနား၌ ရဟန်း  ၃၃ ပါး၊ ရှင်သာမဏေ ကိုးပါး၊  သီလရှင် ခြောက်ပါး စုစုပေါင်း ၄၈ ပါးတို့အား   သာသနာ့ဘောင် သို့    သွတ်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း  သိရသည်။ 

သတင်းစဉ်