ပူတာအို    ၈   စက်တင်ဘာ  

 

ကချင်ပြည်နယ်၊ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင်  ဆန်ရှားပါးမှုကြောင့် စားနပ်ရိက္ခာ ရှားပါးမှု အခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်အိတ်ပေါင်း(၆၁၀) ကို သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆန်ရိက္ခာများသွားရောက်ထောက်ပံ့ရာတွင် နောင်မွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမဘုဒဂုံ ၊ပူတာအိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင် တာဝန်ခံ ဦးစောနွဲ့နေအောင်၊ပန်နန်းဒင်မြို့ မြို့အုပ်ချုပ်‌ရေးမှူးဦးနေမင်းထွန်း နှင့်တာဝန်ရှိသူများက စားနပ်ရိက္ခာ ရှားပါးမှုဒဏ်ကို ရင်‌ဆိုင်နေရသည့် မခွမ်ကန်နှင့် အလိအောင် ကျေးရွာ/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆန်အိတ်လာ‌ရောက် သယ်ယူကြသည့် ကျေးရွာရပ်မိရပ်ဖများထံသို့ ဆန်အိပ်များကို ပေးအပ်ခဲ့ပြီး ၎င်းတို့ကို အားပေးနှစ်သိမ့်စကားများပြောကြားသည်။

 

စားနပ်ရိက္ခာရှားပါးမှု ကြုံတွေ့နေရသော အလိအောင်ကျေးရွာအုပ်စုနှင့် မခွမ်ကန်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၁၁၀)စု၏ လူဦးရေ(၆၅၁)ဦးတို့အတွက် စားနပ်ရိက္ခာ(၃)လစာ တစ်ဦးလျှင် ဆန်နို့ဆီဘူး (၁၈၀) နှုန်းဖြင့် စုစုပေါင်းဆန်အိတ် ၆၁၀၊(၇)ပြည်၊ (၄)ဘူးတို့အား ဒေသခံပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယင်းဆန်ရိက္ခာ များကိုအဆိုပါကျေးရွာအုပ်စုများမှကျေးရွာသူ/သားများက မိမိတို့အစီအစဉ်ဖြင့် သယ်ယူသွားမည်ဖြစ်သည်။

 

ထိုသို့သယ်ယူရာတွင် ပူတာအိုမြို့မှပန်နန်းဒင်မြို့သို့ကားဖြင့်(၃)ရက်ကြာသယ်ယူခဲ့ရပြီး အလိအောင် ကျေးရွာအုပ်စုက ဆိုင်ကယ်ကယ်ရီများဖြင့် သုံးပတ်ကျော်နှင့် မခွမ်ကန်ကျေးရွာအုပ်သို့  ခြေကျင်ခရီးဖြင့် ရက်(၅၀)ခန့် သယ်ယူရမည်ဖြစ်ကြောင်း၊  ဝန်ကြီးဌာနအ‌နေဖြင့် ဆန်ရိက္ခာများ ထောက်ပံ့ရန် အသုတ်လိုက် ဆက်လက်သယ်ယူသွားရန်ရှိ‌သေးကြောင်း ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်တာဝန်ခံဦးစောနွဲ့နေအောင်ထံမှ သိရှိရသည်။

 

ဆန်းညွှန့်(ပူတာအို)