ပြည် မေ ၁၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော Grade(5) သင်ရိုးသစ် မြို့နယ်ဆင့် ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းနည်းပြ(၆၈)ဦးနှင့် သင်တန်းသား (၈၈၂) ဦးအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၌ တစ်နှစ် (၃)သီး စမ်းသပ်စိုက်ပျိုးနေသည့် တောင်သူ ဦးနေမျိုးဝင်း၏ ချည်မျှင်ရှည်ဝါ (၅) ဧကနှင့် တောင်သူ ဦးမျိုးမင်းသိန်း၏ နွေနှမ်း(၅)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း၊ ရန်ကုန်-ပြည်လမ်း မိုင်(၁၅၇/၃-၁၅၇/၅)အကြားလမ်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကိုလည်းကောင်း၊ နတ်တလင်းမြို့ ပြည်သူ့ဆေးရုံကြီးအသစ် ဆောက်လုပ်မည့်မြေနေရာသို့လည်းကောင်း၊ နတ်တလင်းမြို့ စည်ပင်သာယာဦးစီးဌာနပိုင်မြေနေရာ၌ မိုးလုံလေလုံ ဖူဆယ်အားကစားကွင်း၊ တင်းနစ်အားကစား ကွင်း၊ အလေးမ အားကစားခန်းမ တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ သာကျမဟာမြတ်မုနိ ဘုရားကြီးဝန်း သာသနာ့ ရက္ခိတကျောင်းဆောင်၌ သံဃာတော်များနှင့် သီလရှင်များ အစိုးရပါဠိပထမပြန် ဖြေဆိုနေမှုကို ဖူးမြှော်ကြည်ညိုကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြို့ပင်ကောက်မြို့ မြို့ရေပေးဝေရေးရေစက်ရုံသို့ လည်းကောင်း ကြို့ပင်ကောက်မြို့နယ် သာယာကုန်းကျေးရွာ၊ တောင်သူ ဦးသိန်းထွန်း၏ ပိုက်ဆံလျှော် မျိုးစေ့(၅)ဧက စိုက်ပျိုးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုတ်ဖိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)