နေပြည်တော်၊ ဒီဇင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစတင်ပြီး တတိယနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများ အလိုက်ယှဉ်ပြိုင် ကစားကြသည်။
အဆိုပါ အားကစားနည်းအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သန်းသန်းမြင့်၊ ဆရာအတတ် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေး ဒီဂရီကော လိပ်ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ပညာရေးဒီဂရီ ကောလိပ်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက် ကြည့်ရှုအား ပေးကြသည်။
ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၏ဒုတိယ နေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီးမီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသမီးအမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲများကို ကျင်းပကြရာ အမျိုးသားမီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မောင်စိုင်းခန့်သူ (မန္တလေး) က ပထမ၊ မောင်စောတူးတူးဘီ (ဘားအံ) က ဒုတိယ၊ မောင်ပြည့်စုံအောင် (ဘိုကလေး) က တတိယ ရရှိကြသည်။ အမျိုးသမီး မီတာ ၂၀၀အပြေးပြိုင်ပွဲတွင် မဆုနံ့သာအောင် (ဘားအံ) က ပထမ၊ မရွှေအိမ်ဆူး (ထားဝယ်) က ဒုတိယ၊ မခိုင်ရွှေဝင်း (မြစ်ကြီးနား) က တတိယရရှိကြပြီး အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် စောအောင်အောင်ချင်း (ဘားအံ) က ပထမ၊ မောင်ချစ်မင်းဦး (မကွေး) က ဒုတိယ၊ မောင်သူရအောင် (ထားဝယ်) က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် မဝိုင်းချစ် (စစ်ကိုင်း) က ပထမ၊ မဝင်းနေခြည် (ဘားအံ) က ဒုတိယ၊ မသန္တာလင်း (ထားဝယ်) က တတိယ ရရှိကြသည်။ အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် မောင်မင်းထက်အောင် (စစ်ကိုင်း) က ပထမ၊ မောင်အောင်ကီး (တောင်ကြီး) က ဒုတိယ၊ မောင်ဂျွန်စော (မိတ္ထီလာ) က တတိယရရှိကြပြီး အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် မသန္တာလင်း (ထားဝယ်) က ပထမ၊ နန်းအေးအေးမိုး (ဘားအံ) က ဒုတိယ၊ မဆုပိုပိုအောင် (တောင်ကြီး) က တတိယ ရရှိကြသည်။
အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် မောင်ငြိမ်းချမ်းမိုး (ပြည်) က ပထမ၊ မောင်ရှိုင်းဇော် (မိတ္ထီလာ) က ဒုတိယ၊ မောင်စိုးမိုးအောင် (သင်္ကန်းကျွန်း) က တတိယရရှိကြပြီး အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် နန်းတိုးခါးလှိုင် (စစ်ကိုင်း) က ပထမ၊ နန်းစိမ်းမြသွေး (တောင်ကြီး) က ဒုတိယ၊ နန်းတိုးဝေလွင် (ရန်ကင်း) က တတိယဆုများကိုရရှိကြရာ ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူများကို ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးကြသည်။
ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၏ တတိယ နေရာလုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံတွင် ယှဉ်ပြိုင်ကစား ကြရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးဇုန် (ခ) အသင်းက ရန်ကုန်ဇုန် (ခ) အသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မန္တလေးဇုန် (ခ) အသင်းက ရန်ကုန်ဇုန် (ခ) အသင်းကို ၃ပွဲ ၁ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


