ရန်ကုန် ၇ ဇူလိုင်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်(၁၀)နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၅/၂၀၁၉)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး သင်ခန်းစာဆွေးနွေးပို့ချသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ဆရာ ဆရာမများ အဓိက ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များကို ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာရင်းတွင်ရှိသော်လည်း ကျောင်း၌မရှိသည့်ကိစ္စရပ်များ၊ ခွင့်မဲ့ကိစ္စရပ်များ၊ လူမှု ရေးရှုပ်ထွေးသည့်ကိစ္စရပ်များကို လုံးဝမဖြစ်ပေါ်လာစေရန် အရေးကြီးပါကြောင်း၊ ထို့ပြင် ဘဏ္ဍာရေးကိစ္စ များကိုလည်း လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ညွှန်ကြားချက်များထုတ်ပြန်ထားသည့်အတိုင်း လက်ဆောင်ပစ္စည်းများပေးခြင်း၊ ယူခြင်းကိုလုံးဝမပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှုကိုတိုက်ဖျက်နေခြင်းဖြစ်သည့်အတွက် ဆရာ ဆရာမများအနေဖြင့် စံပြပြုမူနေထိုင်ကြစေလိုပါကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအနေဖြင့် အလယ်တန်းပြီး မြောက်ပြီး အထက်တန်းသို့တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ဘာသာတွဲရွေးချယ်မှု မှန်ကန် စေရန် အကြံပြုလမ်းညွှန်သင့်ပါကြောင်း၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာများတွင် ထူးချွန်ကြသည့် A အဆင့်ဖြင့်အောင်သော ကျောင်းသား ကျောင်းသူများသည် ဝါသနာပါရှိပါက မည်သည့် ဘာသာတွဲကိုမဆို သင်ယူသင့်ပြီး B၊ C အဆင့်နှင့်အောင်မြင်သူအနေဖြင့် ဘာသာတွဲရွေးချယ်မှုမှန်ကန်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် A ဖြင့် အောင်မြင်သည့် ကျောင်းသားကျောင်းသူများကို A+ အဆင့်ဖြင့် ပိုမို ထူးချွန်ထက်မြက်လာ အောင်၊ B အဆင့်ဖြင့်အောင်သည့် ကျောင်းသား ကျောင်းသူများကို A အဆင့်ရောက်လာအောင်နှင့် C အဆင့်ဖြင့်အောင်သည့် ကျောင်းသား ကျောင်းသူများကို B အဆင့်သို့ရောက်လာနိုင်ရေးအတွက် သင်ကြား ပို့ချပေးရန်လိုအပ်ပါကြောင်း။
ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအတွက် ပိုမိုအကျိုးရှိ စေရန် သင်ရိုးများကို အသစ်ပြင်ဆင်ရေးဆွဲထားပြီး စီမံဘဏ္ဍာဘာသာရပ်၊ သင်ကြားရေးဘာသာရပ်နှင့် ကြီးကြပ်အကဲဖြတ်ဘာသာရပ်များကို အဓိကထားဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ခန်းစာပို့ချခြင်း၊ ဆွေးနွေးခြင်းနှင့်လက်တွေ့လုပ်ဆောင်ခြင်းများဖြင့် သင်တန်းကာလအတွင်း သင်တန်း နည်းပြများမှ ဆွေးနွေးခြင်းကို နားထောင်ရုံသက်သက်မဟုတ်ဘဲ သင်တန်းသားများမှ မိမိတို့ကိုယ်တိုင် ပါဝင်ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းသို့တက်ရောက်လာကြသည့် ဆရာကြီး ဆရာမကြီး များအနေဖြင့် သင်ခန်းစာများကိုစိတ်ပါဝင်စားစွာလေ့လာခြင်းအားဖြင့် သင်တန်းမှသင်ကြားလိုက်သည့် သင်ခန်းစာများနှင့် မိမိတို့၏အတွေ့အကြုံကောင်းများကိုပေါင်းစပ်၍ မိမိတို့ကျောင်းများကို ပိုမိုတိုးတက် စေရန် စီမံခန့်ခွဲနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက "Survey of Improvements and Challenges in Basic Education"ခေါင်းစဉ်ဖြင့် ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချသည်။
ထို့နောက် သင်တန်သား သင်တန်းသူများက သိရှိလိုသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြ ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလယ်တန်းကျောင်းအုပ်နှင့် အထက်တန်းကျောင်းအုပ် သင်တန်းသား သင်တန်းသူ(၂၉၈) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင်လ (၇)ရက်မှ ဇူလိုင်လ(၂၇)ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
(သတင်းစဉ်)


