ပြည်ကြီးတံခွန် ၁၃  စက်တင်ဘာ

 

ပြည်ကြီးတံခွန်မြို့နယ်တွင် ဣစ္ဆာသယသွေးလှူရှင်အသင်းနှင့်မဟာတံခွန်နာမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း(Mask) အခုရေနှစ်သောင်း အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လမ်းဆုံ၊ လမ်းခွများနှင့် ဈေးများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် ဣစ္ဆာသယ သွေးလှူရှင်အသင်းဦးဆောင်ဆရာတော်နှင့် အသင်းသူ/ အသင်းသားများ၏ စုပေါင်းလှူဒါန်းမှု၊မဟာတံခွန်နာမှုကူညီရေးအသင်းမှ အသင်းသူ/သားများ၏ စုပေါင်းလှူဒါန်းမှု  များဖြင့် နှာခေါင်းစည်း(Mask)  ခုရေနှစ်သောင်းအခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

 “ကိုဗစ်-၁၉ ရောဂါဟာ ပြည်တွင်းမှာ ကူးစက်မှုနှုန်းမြင့်မားနေတဲ့အတွက် မြို့နယ်အတွင်းမှာရှိတဲ့ လမ်းဆုံ၊ လမ်းခွများ၊ဈေးများသို့ သွားရောက်ကာ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးတာပါ၊ အခုရေနှစ်သောင်းကို နံနက်ပိုင်းမှာ (စ)ဈေးနှင့် သင်ပန်းကုန်းလမ်းဆုံ ၊ညနေပိုင်းတွင် ပြည်ရန်ကျော်ဈေး (သင်ပန်းကုန်းဈေး) တို့မှာ ဖြန့်ဝေပေးခဲ့ပါတယ်၊ အဲဒီလိုဖြန့်ဝေပေးရာမှာလည်း အသင်းသူ/ အသင်းသားများ ကိုယ်တိုင်သွားရောက်ဖြန့်ဝေပေးခြင်း ဖြစ်ပါတယ်ဟု ဣစ္ဆာသယသွေးလှူရှင် အသင်းအဖွဲ့ဝင် ကိုဝင်းမင်းစိုး က ပြောကြားသည်။

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး အဆိုပါ နှာခေါင်းစည်း(Mask) အခုရေနှစ်သောင်းကို မြို့နယ် အတွင်းရှိ (စ)ဈေး၊ ပြည်ရန်ကျော်ဈေး(သင်ပန်း ကုန်းဈေး) နှင့် သင်ပန်းကုန်းလမ်းဆုံ နေရာများတွင် လှည့်လည်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာလ(ယခုလ)ပထမအပတ်ကလည်း ပြည်ကြီးတံခွန်မြို့နယ် လူမှုကူညီရေး အသင်းချုပ်မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ လမ်းဆုံ၊လမ်းခွများတွင် နှာခေါင်းစည်း(Mask) ခုရေနှစ်သောင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)