နေပြည်တော် ၂၉ မေ
ပြည်ကြီးတံခွန်မြို့နယ်၏ ရေပေးရန်ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းအတွက် တစ်ရက်လျှင် ရေဂါလန် ခုနစ်သန်းဖြန့်ဝေပေးနိုင်မည့် ရေပေးဝေရေးစီမံကိန်းကို နယ်သာလန်နိုင်ငံ FMO နှင့် ING Bank တို့ထံမှ ချေးငွေနှင့် နယ်သာလန်နိုင်ငံအစိုးရ၏ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက "အဆိုပါစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေနဲ့ တစ်ရက်လျှင် ရေဂါလန်ခုနစ်သန်း ဖြန့်ဖြူးပေးဝေနိုင်ရန် ဒုဋ္ဌဝတီမြစ်မှ ရေကိုယူ၍ အမရပူရမြို့နယ် တလင်းကြီးကျေးရွာတွင် ရေသန့်စင်စက်ရုံတည်ဆောက်ခြင်း၊ အချင်း ၆၃၀ မီလီမီတာရေပို့ပိုက်လိုင်းအရှည် ၁၃ ကီလိုမီတာဆက်သွယ်ခြင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရေတွန်းစက်ရုံနဲ့ ဂါလန်တစ်သန်းဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းတွေကို ရာနှုန်းပြည့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပင်မရေဖြန့်ပိုက်လိုင်းတွေ၊ ပထမအဆင့် ရေဖြန့်ဝေပိုက်တွေ၊ ဒုတိယဆင့်ပွားပိုက်လိုင်းတွေနဲ့ တတိယဆင့်ပွားပိုက်လိုင်းတွေ ဆက်သွယ်ချထားခြင်း၊ ရေလေလွင့်ဆုံးရှုံးမှုမရှိစေဖို့ District Meter Area ဇုန်တွေ တည်ဆောက်ခြင်း၊ အိမ်သွယ်ပိုက်လိုင်းတွေ ဆက်သွယ်ချထားခြင်းနဲ့ ရေမီတာအလုံး ၂၀ဝ၀ဝ တပ်ဆင်ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ငုတ် ၁၀ဝ တပ်ဆင်ခြင်းတို့ကို ပထမအဆင့်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ဒုတိယအဆင့်မှာ ၅၀ ရာခိုင်နှုန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ပြည်ကြီးတံခွန်မြို့ ရေပေးဝေရေးစီမံကိန်း၏ ခန့်မှန်းကုန်ကျစရိတ်မှာယူရို ၅၉ ဒသမ ၉၂ သန်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းဖြစ်သောယူရို ၂၉ ဒသမ ၉၆ သန်းကို နယ်သာလန်နိုင်ငံ FMO နှင့် ING Bank တို့ထံမှ ချေးယူငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းဖြစ်သော ယူရို ၂၉ ဒသမ ၉၆ သန်းကို နယ်သာလန်နိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချေးငွေ၏ စည်းကမ်းသတ်မှတ်ချက်များမှာ ဆိုင်းငံ့ကာလသုံးနှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ် စုစုပေါင်းချေးငွေသက်တမ်း ၁၃ နှစ်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၂ ဒသမ ၃၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ Upfront Fee အဖြစ် ချေးငွေပမာဏ၏ သုည ဒသမ ၆ ရာခိုင်နှုန်းကိုလည်းကောင်း၊ ကတိခံကြေးအဖြစ် ချေးငွေထုတ်ယူရန် ကျန်ငွေအပေါ် သုည ဒသမ ၄ ရာခိုင်နှုန်းကိုလည်းကောင်း၊ Facility Agent Fee အဖြစ် တစ်နှစ်လျှင် ယူရို ၁၅၀ဝ၀ ကိုလည်းကောင်း ပေးချေရမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအတွက် ချေးငွေယူရို ၂၉ ဒသမ ၉၆ သန်းနှင့် ထောက်ပံ့ငွေယူရို ၂၉ ဒသမ ၉၆ သန်းစုစုပေါင်း ၅၉ ဒသမ ၉၂ သန်းပေါ်တွင် တွက်ချက်ပါက Grant Element ၅၉ ရာခိုင်နှုန်းခန့် တွက်ချက်ရရှိသဖြင့် သက်သာမှုရှိသောချေးငွေ (Concessional Loan) ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
"စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို Ballast Neadam ကုမ္ပဏီရဲ့ ကုန်ကျစရိတ်နဲ့ နယ်သာလန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Haskoning DHV က ၂၀၁၈ ခုနှစ် ဇူလိုင် ၁၂ ရက်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ အစီရင်ခံစာကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်နှစ်ကျော်ခန့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားပါတယ်။ ဒီဇိုင်း Consultant အတွက် ကုန်ကျစရိတ် ယူရို သုည ဒသမ ၉ သန်းသုံးစွဲမှာဖြစ်တဲ့အတွက် စီမံကိန်းကုန်ကျ စရိတ်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိပါတယ်" ဟု ၎င်းကပြောကြားသည်။
အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လူဦးရေ နှစ်သိန်းကျော်အား ဘေးကင်းလုံခြုံစိတ်ချရသော ရေကောင်းရေသန့် တစ်ရက်လျှင် ရေဂါလန် ခုနစ်သန်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး စက်မှုဇုန် (၁)၊ (၂)၊ (၃) ရှိစက်ရုံ၊ အလုပ်ရုံများနှင့် ရေသန့်စင်စက်ရုံအနီးရှိ ကျေးရွာသုံးရွာတို့တွင်လည်း ရေကောင်းရေသန့် ရရှိခံစားနိုင်မည်ဖြစ်ပြီး ရေသုံးစွဲသူပြည်သူများလည်း ရေကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာနိုင်ခြင်း၊ ဒုဋ္ဌဝတီမြစ်ရေကို သန့်စင်ရယူသုံးစွဲခြင်းဖြင့် မြေအောက်ရေထုတ်ယူသုံးစွဲမှုကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း။
မန္တလေးမြို့တော်ကို Smart City အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရေကောင်းရေသန့်လုံလောက်စွာ ပေးဝေနိုင်ရေးသည် Smart City ဖြစ်မြောက်လာရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ ယင်းသို့ ရေကောင်းရေသန့်ပေးဝေရာတွင် မြောက်အောက်ရေ ထုတ်ယူသုံးစွဲမှုလျှော့ချကာ မြေပေါ်ရေသုံးစွဲမှု တိုးမြှင့်လိုရန်အတွက် ယခုစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် မန္တလေးမြို့ရေပေးဝေမှုစနစ်တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုမှာ ၈၅ ရာခိုင်နှုန်းရှိရာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက မြေအောက်ရေထုတ်ယူသုံးမှု ၇၀ ရာခိုင်နှုန်းအထိ လျော့ကျသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ နယ်နိမိတ်အတွင်းရှိ မြို့နယ်ပေါင်း ခြောက်မြို့နယ်အနက် ပြည်ကြီးတံခွန်မြို့နယ်၏ ရေပေးဝေရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်၍ JICA ထောက်ပံ့ငွေ ဂျပန်ယန်း ၁ ဒသမ ၇၉ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းအထိသာ ရေပေးဝေနိုင်သေးကြောင်း သိရသည်။
ကိုမင်း၊ မာမာစိုး