ဘားအံ ၂၅ မေ 


၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကရင်ပြည်နယ် ပြည်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။ 


ရှေးဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ 


ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော် အောင်မြင်ရေးအတွက်  ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအခြေခံပညာရေးကို လက်လှမ်းမီသင်ယူနိုင်ခွင့် ရရှိစေရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများ တိုးတက်ရရှိစေရေးနှင့် ကျောင်းအပ်နှုန်းမြင့်မားစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။


၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်  ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့”ဟူသော ဆောင်ပုဒ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) သို့အပ်နှံရန် အရေးကြီးပါကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန်၊ ငွေကြေးလက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်း မပြုရန်၊ ကျောင်းဝတ်စုံ၊ အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုလုပ်ရန်၊ မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် အဓိကမှာကြားလိုကြောင်း။


အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာ တွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ အရက် ဘီယာနှင့်စီးကရက် မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို သိရှိစေရန် ပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန်စီစဉ် လျက်ရှိကြောင်း၊ ကျောင်းသားများနှင့် လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော ဂိမ်းစွဲလန်းမှုကို လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းအုပ်ကြီးများအနေဖြင့် ဆရာ ဆရာမများကို ကောင်းစွာသင်ကြားသင်ယူနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှသာ ကျောင်းသား ကျောင်းသူများကိုကောင်းစွာ သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက  ရှင်းလင်းတင်ပြသည်။ 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များမှ လိုအပ်ချက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ပေးအပ်လှူဒါန်းသည့် စာရေးကိရိယာနှင့် ပညာသင်ထောက်ပံ့ပစ္စည်းများကို ကျောင်းသားကျောင်းသူများထံ ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ 


ထို့နောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်’’ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ဘားအံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ဘားကပ်)သို့ ရောက်ရှိကြပြီး ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။


ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၊ ဘားအံပညာရေး ကောလိပ်တို့မှ ဆရာ ဆရာမများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်