ပြည် မေ ၁၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်တက္ကသိုလ်၊ ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ/ဆရာမ (၆)ဦးအား ထောက်ပံ့ငွေများပေးအပ်ကာ တက္ကသိုလ်ဝန်ထမ်းရေးရာ၌ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ပြိုကျမှု ကာကွယ်ရေးလုပ်ငန်းကို လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ (ကံကလေး) ပုသိမ်-မုံရွာလမ်း၊ လမ်းအပိုင်းအလိုက် (၂၄)ပေအကျယ် ကွန်ကရစ်ကတ္တရာလမ်း ချဲ့ထွင်နေမှုကို လည်းကောင်း၊ လဲရွာပျိုးဥယျာဉ်၌ သစ်မျိုးစုံ(၄၅၀၀၀)ပင် ပြုစုပျိုးထောင်ထားရှိမှုကို လည်းကောင်း၊ ခုံကြီးကျေးရွာ (ဘူးရိုးချောင်း) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများတွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့၊ ပေါ်တော်မူ(နေရာဦး) ဘုရားဝန်းအတွင်း၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များ သွားရောက်ကြည်ညိုပြီး နဝကမ္မအလှူငွေကျပ် (၁၀)သိန်း ဆက်ကပ်လှူဒါန်းကာ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနှင့် တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆိုနေသည့် သံဃာ/သီလရှင် (၈၈၃)ပါးအား သွားရောက်ကြည်ညိုပြီး နဝကမ္မအလှူများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အဆိုပါစာသင်ကျောင်းရှိ Grade(8) သင်ရိုးသစ် နည်းပြသင်တန်းသို့ ကြည့်ရှုအားပေးပြီး သင်တန်းသား/ သင်တန်းသူနှင့် ဆရာ/ သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်