ပြည်         စက်တင်ဘာ        ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် မိုဘိုင်းယာဉ်ဖြင့် ပြည်သူများအား စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင် ပြည်မြို့နယ် မှော်ဇာကျေးရွာ စိုက်ပျိုးရေးတောင်သူများ၏ သန့်ရှင်းလတ်ဆတ်သော ဒေသထွက် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ငှက်ပျောသီး၊ ဖရဲသီး၊ ရှောက်သီး အစရှိသည့် သစ်သီးဝလံများအပါအဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များဖြစ်သော ဆန်အပါအဝင် ကြက်ဥ၊ ဘဲဥနှင့် သီးပင်/စားပင်၊ ပန်းအလှပင်များကို ရွာဘဲနယ်မြေ၊ ကိုးသောင်းရပ်ကွက်၊ ကိုးသောင်းဈေးရှေ့နှင့် ဆံတော်ရပ်ကွက်၊ ကသည်းဈေးရှေ့တို့၌ ဈေးသွားဈေးလာပြည်သူများအား ပြင်ပထက် ချိုသာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြပြီး ယင်းသို့ရောင်းချပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့သည်။

ပြည်မြို့နယ်တွင် တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အသီးသီးရှိ ပြည်သူများထံအရောက် မိုဘိုင်းယာဉ်ဖြင့် အပတ်စဉ် စနေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)