တောင်ကြီး ၂ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို က လုံခြုံရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခြင်းနှင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်း က ရွေးကောက်ဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက တင်ပြဆွေးနွေးခြင်း၊ လိုအပ်ချက်နှင့် သိရှိလိုသည့်အချက်များကို တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကာ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)