စစ်တွေ ၁၁ ဇွန်
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်ရရှိသည့် ရန်ပုံငွေများကို မှန်မှန်ကန်ကန် အကျိုးရှိရှိသုံးစွဲပြီး အလေအလွင့်နည်းပါးအောင် ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနအားလုံးတွင် တာဝန်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက ကျင်းပသည့် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၆ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က “ရရှိသည့် ရန်ပုံငွေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသုံးပြုရာတွင် ဒေသအခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်နိုင်သည်များရှိသလို တစ်ဖက်တွင်လည်း အခက်အခဲ အားနည်းချက်များနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း တတ်နိုင်သမျှ ကြိုးစားပြီး ရည်မှန်းချက်များပြည့်မီအောင် တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်သလို အဂတိတရားကင်းကင်းနှင့် ဆောင်ရွက်သွားရန်လည်း အထူးအရေးကြီးကြောင်း” အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား သည်။
ယနေ့ကျင်းပသည့် ၂၀၁၈-၂၀၁၉ ပထမ ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်၊ မြို့နယ်များမှ စီမံခန့်ခွဲမှုကော်မတီများ ဖြစ်ကြသည့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက မိမိတို့ ခရိုင်၊ မြို့နယ်များအလိုက် ပထမ ၆ လတာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ဗှူးကြီး ဖုန်းတင့်နှင့် ဦးကျော်အေးသိန်းတို့က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ-ဟန်မင်း