နေပြည်တော် နိုဝင်ဘာ ၁၁
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးကဲများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက် မြင့်မားရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် အားကစား၏ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင် ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရသည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ဘောလီဘောအသင်းနှင့် ချောင်းဆုံမြို့နယ် ဘောလီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွားခဲ့သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် ပွဲသို့ သွားရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်နစ်နာ ခဲ့ကြရသည့် မီးဘေးသင့် အိမ်ထောင်စုဝင်များကို ကူညီစာနာသောအားဖြင့် အကောင်းဆုံးဖြစ်အောင် လာရောက်ကူညီ ထောက်ပံပေးခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မီးလောင်မှုဖြစ်စဉ်ပေါ်တွင် အချိန်နှင့် တစ်ပြေးညီ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့မှုကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် လိုအပ်သည် များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ်(၈) လုံးအတွက် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများနှင့် သေသုံးသူ (၄)ဦး၏ မိသားစုဝင်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၅၆) သိန်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးနှင့် ထောက်ပံ့ငွေကျပ် (၂၈၆၃၀၀၀) အား လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ် ကြက်ခြနီအဖွဲ့နှင့် World Vision အဖွဲ့တို့မှ ထောက်ပံ့ရေးပစ္စည်းများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့် ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မီးဘေးသင့် ပြည်သူများကို လိုက်လံအားပေးစကားပြောကြားခဲ့ပြီး မီးလောင်ကျွမ်းပျက်စီးခဲ့မှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)