နေပြည်တော်  နို​ဝင်ဘာ ၁၁

 

မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစား​သမားကောင်းများ​ ပေါ်ထွန်းလာ​စေ​ရေးနှင့် အားကစားနှင့် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်​ပေးနိုင်ရန် ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးကဲများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်​ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက် မြင့်မားရေးအတွက် အထူးအ​လေး​ပေး ​ဆောင်ရွက်​လျက်ရှိ​ကြောင်း၊ ပြိုင်ပွဲတွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် အားကစား၏ အနှစ်သာရကို ပေါ်လွင်အောင် ယှဉ်ပြိုင် ကစားကြရန်နှင့် နိုင်ငံတော်မှ အားထားရသည့် အားကစားသမားကောင်းများဖြစ်​အောင် ကြိုးစား​ဆောင်ရွက်​ပေးရန် တိုက်တွန်းလို​ကြောင်း ပြောကြားကာ ​ပြိုင်ပွဲအား ဖွင့်လှစ်​ပေးသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် အဖွင့်ပွဲစဉ်အ​ဖြစ် ​မော်လမြိုင်မြို့နယ် ​ဘောလီ​ဘောအသင်းနှင့် ချောင်းဆုံမြို့နယ် ​ဘောလီ​ဘောအသင်းတို့ ယှဉ်ပြိုင်ကစား​နေမှုကို  ကြည့်ရှုအား​ပေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ​ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်၌ မီး​လောင်မှု ဖြစ်ပွားခဲ့သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် ပွဲသို့ သွားရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ထိခိုက်နစ်နာ ခဲ့ကြရသည့် မီး​ဘေးသင့် အိမ်​ထောင်စုဝင်များကို ကူညီစာနာ​သောအားဖြင့် အ​ကောင်းဆုံးဖြစ်​အောင် လာ​ရောက်ကူညီ​ ထောက်ပံ​ပေးခြင်းဖြစ်​ကြောင်း၊ တာဝန်ရှိသူများအ​နေဖြင့် မီး​လောင်မှုဖြစ်စဉ်​ပေါ်တွင် အချိန်နှင့် တစ်​ပြေးညီ သွား​ရောက်ကူညီ​ဆောင်ရွက်​ပေးခဲ့မှုကို အထူး​ကျေးဇူးတင်ရှိ​ကြောင်းနှင့် လိုအပ်သည် များကိုလည်း ​ဖြည့်ဆည်းဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည်  မီး​​လောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ်(၈) လုံးအတွက် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အိမ်​ထောင်စုများနှင့် ​သေသုံးသူ (၄)ဦး၏ မိသားစုဝင်များအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ​ထောက်ပံ့​ငွေကျပ် (၅၆) သိန်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်​ရေးပစ္စည်း (၁၈) မျိုးနှင့် ​ထောက်ပံ့​ငွေကျပ် (၂၈၆၃၀၀၀) အား လည်း​ကောင်း၊ ပြည်နယ်ပညာ​ရေးမှူးရုံး၊ ပြည်နယ် ကြက်ခြနီအဖွဲ့နှင့် World Vision အဖွဲ့တို့မှ ​ထောက်ပံ့​ရေးပစ္စည်းများ၊ ​ကျောင်း​ဝတ်စုံနှင့် စာ​ရေးကိရိယာများအား လည်း​ကောင်း ​ထောက်ပံ့​ပေးအပ်ခဲ့ပြီး မီး​ဘေးသင့် ပြည်သူတစ်ဦးမှ ​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မီး​ဘေးသင့် ပြည်သူများကို လိုက်လံအားပေးစကား​ပြောကြားခဲ့ပြီး မီး​လောင်ကျွမ်းပျက်စီးခဲ့မှု အ​ခြေအ​နေကို ကြည့်ရှုစစ်​ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)