၁၈-၈-၂၀၂၀ ရက်၊ နေပြည်တော်
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (၁၈) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ (၁)ဦး၊ ချက်သမ္မတနိုင်ငံမှ (၁)ဦး၊ ဩစတြီးယားနိုင်ငံမှ (၂)ဦး၊ ဗီယက်နမ်နိုင်ငံမှ (၂)ဦး၊ အီတလီနိုင်ငံမှ (၂)ဦး၊ ဆွဇ်ဇာလန်နိုင်ငံမှ (၃)ဦး၊ ဘရာဇီးနိုင်ငံမှ (၃)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၄)ဦး၊ ဗြိတိန်နိုင်ငံမှ (၃)ဦး၊ ကနေဒါနိုင်ငံမှ (၄)ဦး၊ ဘယ်လ်ဂျီယံနိုင်ငံမှ (၅)ဦး၊ အီဂျစ်နိုင်ငံမှ (၅)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၂၉)ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ (၂၈)ဦး၊ သင်္ဘောသား (၁၇)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၉) ဦး လိုက်ပါလာခဲ့သည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း (၁၁,၂၄၇) ဦးအား ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs