(၁၂-၈-၂၀၂၀ ရက်၊ နေပြည်တော်)
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အတွက် မြန်မာသံရုံး၊ ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဒုတိယကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်အား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြေးဆွဲခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၉၂) ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၁၈) ဦးနှင့် မြန်မာသင်္ဘောသား (၁၅) ဦး၊ စုစုပေါင်း (၁၂၅) ဦး တို့ လိုက်ပါလာခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀,၄၈၂) ဦးအား ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Credit #Ministry_of_Foreign_Affairs