(၁၅-၉-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၂၂) ကြိမ် မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘယ်လ်ဂျီယံမှ (၁) ဦး၊ ဘရာဇီးလ်မှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၄)ဦး၊ အစ္စရေးမှ (၁) ဦး၊ အီတလီမှ (၄) ဦး၊ မွန်ဂိုလီးယားမှ (၃) ဦး၊ နော်ဝေမှ (၁) ဦး၊ ကိုရီးယားမှ (၇၁) ဦး၊ ဗြိတိန်မှ (၄) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀) ဦး၊ ဗီယက်နမ်မှ (၄) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၇) ဦး လိုက်ပါလာခဲ့ပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ကယ်ဆယ်ရေးလေယာဉ်/အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၅,၂၂၅ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။

Crd - Ministry of Foreign Affairs Myanmar