နေပြည်တော်  ၂  နိုဝင်ဘာ 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ စာချုပ်သက်တမ်းကုန်ဆုံး၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Dragon Tun ကုမ္ပဏီတို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၁၂၃)ဦး၊ အင်ဒိုနီးရှားမှ (၇)ဦး၊ သီရိလင်္ကာမှ (၃)ဦး၊ စင်ကာပူမှ (၂)ဦး ၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၃၅) ဦး လိုက်ပါခဲ့ကြသည်။

အလားတူ ကိုရီးယားသမ္မတနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား Crew Change ပြုလုပ်နိုင်ရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့မှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ  ပြန်လည်ရောက်ရှိခဲ့ကြသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၁၄၁)ဦး၊ ပိုလန်မှ (၂)ဦး၊ စင်ကာပူမှ (၁)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၄၄)ဦး လိုက်ပါခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။  

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်