၅  စက်တင်ဘာ

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိ/ပိတ်မိနေသော မြန်မာသင်္ဘောသား များအတွက်  မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်သော အပတ်စဉ် အင်္ဂါနေ့တိုင်း ပျံသန်းပြေးဆွဲနေသည့် ကယ်ဆယ်ရေး လေယာဉ်အပြင် မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသား အလုပ်အကိုင်ဝန်ဆောင်မှုဖက်ဒရေးရှင်း (Myanmar Seafarer Employment Services Federation- MSESF) တို့ ညှိနှိုင်း၍ MSESF မှ စိစစ်ရွေးချယ်ပေးသော မြန်မာသင်္ဘောသား များကို မြန်မာနိုင်ငံသို့ ပို့ဆောင်နိုင်ရေးအထူးအစီအစဉ်အဖြစ် စက်တင်ဘာ  ၅ ရက်တွင် Myanmar National Airlines-MNA ကယ်ဆယ်ရေးလေယာဉ်တစ်စီး ထပ်မံပျံသန်းပြေးဆွဲပေးခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် စက်တင်ဘာ  ၅ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့ သို့ ညနေ ၅ နာရီ ၅၈ မိနစ်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံမှ (၄၅) ဦး၊ ပနားမားနိုင်ငံမှ (၂၇)ဦး၊ ဘရာဇီး နိုင်ငံမှ (၂၄)ဦး၊ အီဂျစ်နိုင်ငံမှ (၄) ဦး၊ တူရကီနိုင်ငံမှ (၁၁) ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ (၉) ဦး၊ ဂါနာနိုင်ငံမှ (၉) ဦး၊ နယ်သာလန်နိုင်ငံမှ (၅) ဦး၊ မက္ကဆီကိုနိုင်ငံမှ (၁) ဦးနှင့် မလေးရှားနိုင်ငံမှ (၁) ဦး စုစုပေါင်း မြန်မာသင်္ဘောသား (၁၃၆) ဦးတို့မှ စီးနင်းလိုက်ပါသွားကြသည်။ ယင်းနေ့တွင် ကယ်ဆယ်ရေးလေယာဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများက လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#Ministry of Foreign Affairs Myanmar