၂၃-၈-၂၀၂၀ ရက်၊ ဆိုးလ်မြို့
COVID-19 ကူးစက်ရောဂါကာလတွင်း၌ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ စီစဉ်ဆောင်ရွက်သည့် အပတ်စဉ်အင်္ဂါနေ့တိုင်း မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ပျံသန်းပြေးဆွဲပေးနေသော ကယ်ဆယ်ရေးလေယာဉ် အပြင် မြန်မာသံရုံး၊ ဝါရှင်တန်ဒီစီနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ညှိနှိုင်း၍၂၃-၈-၂၀၂၀ ရက်နေ့တွင် အထူးအစီအစဉ်အဖြစ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးရန် စီစဉ်ပေးခဲ့ပါသည်။
ယင်းလေယာဉ်ခရီးစဉ်၌ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသား (၉၄)ဦးနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား(၃၀) ဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း (၁၂၄)ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြပြီး လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၅၀ နာရီတွင် ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါလေယာဉ်ခရီးစဉ်၌ လိုက်ပါကြသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှဝန်ထမ်းများသည် ယင်းနေ့တွင် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Credit #Ministry_of_Foreign_Affairs


