၃ နိုဝင်ဘာ
COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၃-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၂၉) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။
အဆိုပါ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ နံနက် ၄ နာရီ ၄၅ မိနစ် အချိန်တွင် ထွက်ခွာခဲ့ပြီး တောင်အာဖရိကမှ (၂) ဦး၊ ကနေဒါမှ (၂) ဦး၊ ဘရာဇီးလ်မှ (၃)ဦး၊ ဗြိတိန်မှ (၃) ဦး၊ အင်ဒိုနီးရှားမှ (၂) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁၀) ဦးနှင့်ကိုရီးယားမှ (၈၁) ဦး၊ စုစုပေါင်း (၁၀၃) ဦးတို့ စီးနင်းလိုက်ပါသွားကြောင်း သိရသည်။
လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။
#နိုင်ငံခြားရေးဝန်ကြီးဌာန


