ငဖဲ  ၅  ဇူလိုင် 


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငဖဲမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ငဖဲမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ရှောက်ဝကျေးရွာအတွင်း ပြည်သူ၊ ကျေးလက်၊ ယူနီဆက်ဖြင့် ဆောင်ရွက်လျက်ရှိသော ရေမီတာသုံး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝေလင်းမောင်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့မှ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှောက်ဝကျေးရွာအတွင်းရေမီတာတပ်ဆင်သည့် အိမ်ခြေ(၁၁၀) ယူနစ်တွင် (၈၆) ယူနစ် တပ်ဆင်ပြီးစီးပြီး ၉၇ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ကျေးရွာရေကော်မတီဝင်များက ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်ကျေးလက်ဦးစီးမှူးမှ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြန်လည်မှာကြားခဲ့သည်။


အဆိုပါ ရေမီတာသုံး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းများမှ ရှောက်ဝကျေးရွာမှ အိမ်ခြေ(၁၁၀)ရှိ လူဦးရေ (၄၀၃) ဦးအား အကျိုးပြုသွားမည်ဖြစ်ပြီး မြို့နယ်တွင်းရှိ ကျေးရွာ(၇)ရွာတွင် ရေမီတာသုံးအိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          


မယု(ငဖဲ)