နေပြည်တော် စက်တင်ဘာ ၁၅

ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေသည့် ပြည်သူ့အငှား အိမ်ရာ စီမံကိန်း အခန်း (၁၀၀၀၀) ၏ ပထမ အဆင့် အခန်းပေါင်း (၅၀၀၈)ခန်းကို အသင်းချုပ် (၃)သင်းနှင့် အသင်းဝင်ကုမ္ပဏီများ၏တာဝန်ယူမှုဖြင့် ဆောင်ရွက်လျှက်ရှိရာ ယခုအခါ နေပြည်တော်တွင် ၁၀၀ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၆၉ ရာခိုင်နှုန်း နှင့် မန္တလေးတွင် ၉၅ ရာခိုင်နှုန်းအထိ အသီးသီး ဆောင်ရွက်ပြီးစီးလျက်ရှိပါကြောင်း၊ အသင်းချုပ်များမှလည်း စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြီးပြတ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ပြောကြားသည်။
    
ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ၏ (၁၃) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ  Video Conferencing  စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ သည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၅ လုံး ၊ ရန်ကုန်တွင် အဆောက်အဦ ၁၉၄ လုံး ၊ မန္တလေး တွင် အဆောက်အဦ ၉၁ လုံး တည်ဆောက် နေသည့်အတွက် စီမံကိန်းပမာဏ ကြီးမား သည်နှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေ ရေးနှင့် အချိန်မီပြီးစီးနိုင်ရန် အသင်းချုပ် (၃)သင်း၊ QC အဖွဲ့များနှင့် စီမံကိန်းလုပ်ငန်း ကြီးကြပ်သူများအနေဖြင့် အချိတ် အဆက်မိမိဖြင့် တာဝန်ယူမှု တာဝန်ခံမှုအပြည့်အဝဖြင့် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
    
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အိမ်ရာများတွင်  နိုင်ငံ့ဝန်ထမ်း များ၊ ပြည်သူများနေထိုင်နိုင်ရန် နေရာချထားပေးရေး အစီအမံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပြီး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
    
ထို့နောက် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက ဘဏ္ဍာငွေရရှိမှု၊ စီမံခန့်ခွဲပေးချေမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြ သည်။
    
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စာချုပ်ပါ စည်းကမ်းချက်များနှင့်  တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြသည်။
    
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင် တို့က ကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြ ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်(MLCA)နှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA) တို့မှ နာယက၊  ဥက္ကဋ္ဌနှင့်  ဒုတိယဥက္ကဋ္ဌ တို့က လက်ရှိအိမ်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ  ကိစ္စရပ်များ၊ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
    
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့အငှားအိမ်ရာစီမံကိန်း   ဆောင်ရွက်ပြီးစီးမှု   အခြေအနေ၊   ဆက်လက်ဆောင်ရွက်မည့်   လုပ်ငန်း အစီအစဉ်များ၊ ရေ၊ မီးရရှိရေးကိစ္စများ၊ အိမ်ရာအတွင်းနေထိုင်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် သယ်ယူပို့ဆောင်ရေးကဏ္ဍ ဆောင်ရွက်မည့်အစီအစဉ်များ ၊ အိမ်ရာ စီမံကိန်း ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် လုံခြုံစိတ်ချစွာ နေထိုင် နိုင်ရေးအတွက်   လုံခြုံရေးအပိုင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။
    
ရှင်းလင်းတင်ပြမှုတို့အပါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အောင်မြင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှင့် သတ်မှတ် အချိန်မီပြီးရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)