နေပြည်တော် ဒီဇင်ဘာ ၂၂
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု လုပ်ငန်းများသည် ပြည်သူ့ရေးရာကိစ္စရပ်များကို စီမံခန့်ခွဲဆောင်ရွက်နေသည့် ဌာနများအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှသာ အဆင်ပြေအောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ယခုသင်တန်း၌ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေကြသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်များနှင့်ပါ ယှဉ်တွဲလေ့လာဆည်းပူးခွင့် ရရှိခဲ့ကြသဖြင့် သင်တန်းမှရရှိခဲ့သည့် ပညာရပ်များ၊ အတွေ့အကြုံများကို အသုံးချ၍ ပြည်သူကို ဝန်ဆောင်မှုပေးကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိဌာနရှိ ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေပေးကြရန်နှင့် မိမိကိုယ်တိုင် လုပ်ငန်းဆောင်ရွက်မှု အရည်အသွေးများ တိုးတက်နေစေရေးအတွက် အစဉ်လေ့လာ ဆည်းပူးနေကြရန်လိုကြောင်း ပြောကြားပြီး သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ညွှန်ကြားရေးမှူးအဆင့်နှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၂၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တပတ် ငါးပတ်ကြာမြင့်ခဲ့သည်။ “ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန်” ဟူသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၏ ရည်မှန်းချက်ဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့အထိ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်းသင်တန်းသား ၂၁၄ ဦးကို သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်