နေပြည်တော် ၊ စက်တင်ဘာ  ၁၂

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ  ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။

 အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့၊ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်သည်။ 


သင်တန်းသို့ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအောက်ရှိ ဌာနအဖွဲ့အစည်းများမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၄၀) ဦး တက်ရောက်ကြသည်။ 

သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသိကောင်းစရာများ၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီ ရယူခြင်း၊ နိုင်ငံခြားငွေသုံးစွဲခြင်း၊ ငွေတိုက်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေး သတင်းအချက်အလက်များ စာရင်း စစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချခဲ့ပြီး၊ သင်တန်းကာလမှာ ရက် သတ္တပတ် (၄) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်