ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေး မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၂၈

 

ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းဆောင်ရွက်ချက်များ အားလည်းကောင်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသော ခရိုင်၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြ၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ (၁/ ၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး “ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်မည့် ခရီးသွားဒေသများတွင် သန့်ရှင်းသာယာလှပရေးကို အလေးထား ဆောင်ရွက်ပေးကြရန်၊ ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ်ခြင်းနှင့် ဖော်ထုတ်ပြီးခရီးစဉ်ဒေသအသစ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်” အမှာစကားပြောကြားသည်။


ထို့နောက် မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ ဧည့်လမ်းညွှန်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ လိုင်စင်ထုတ်ပေးမှု အနေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

စည်သူ(ပြန်/ဆက်)