နေပြည်တော် ၂၇ ဩဂုတ် 

 

လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် Learning Center (Room-1) ၌ ကျင်းပရာ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များအတွက် သက်ဆိုင်ရာမြို့နယ်များ၏ အချက်အလက်များကို အနီးစပ်ဆုံး ပြုစုထားရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့မဲဆန္ဒနယ်များမှာ လိုအပ်သည့် လူဦးရေသန်းခေါင်စာရင်း၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ မြေယာကိစ္စရပ်များကို အဓိက သတင်းအချက်အလက်အရင်းအမြစ် (၃)ခုဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကုလသမဂ္ဂ လူဦးရေရန်ပုံအဖွဲ့ (UNFPA) Website စာမျက်နှာများမှရယူပြီး UNDP/ IPU နှင့် လွှတ်တော်ရုံးများရှိ သုတေသနဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အချက်အလက်များကို ရှာဖွေပြုစုထားရှိသည့် စာအုပ်ဖြစ်သည့်အတွက် ကိုယ်စားလှယ်များ အထောက်အပံ့ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါစာအုပ်ကို အသုံးပြု၍ မိမိတို့ဒေသအတွက် အကျိုးရှိရှိ အောင်မြင်စွာ အသုံးချနိုင်ပါစေကြောင်း ပြောကြားသည်။


အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ UNDP/IPU မှ တာဝန်ခံများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

သတင်းစဉ်