နေပြည်တော် ၂၇ ဇူလိုင်
ပြည်သူ့လွှတ်တော်ရုံး၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ ဘဒ္ဒန္တကဝိသာရ ဆရာတော်ကြီးအမှူးပြုသော သံဃာတော် အရှင်မြတ်တို့ ကြွရောက်ကြသည်။
အခမ်းအနားတွင် မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


