မော်စကို ဇွန် ၂၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက်အရ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့တက်ရောက်ရန် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြသည်။
ထို့နောက် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာရာ ရုရှားနိုင်ငံ မော်စကိုမြို့ Sheremetyevo International Airport သို့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Valerievich Kara-ool နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ လွှတ်တော်မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် လေဆိပ်သီးသန့်နားနေခန်းတွင် မြန်မာ-ရုရှား-ဘယ်လာရုစ် နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ချစ်ကြည်ရေးအသင်းများ ဖွဲ့စည်း၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


