နေပြည်တော် ၂၈ ဇွန်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ဝန်ထမ်းရေးရာနှင့် အဖွဲ့အစည်းရေးရာကော်မတီ ဒုတိယအကြီးအကဲ၊ အမျိုးသားလွှတ်တော်အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များရေးရာ ကော်မရှင် အကြီးအကဲ Mr. Tran Van Tuy အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံလွှတ်တော်များ၏ ဖွဲ့စည်းဆောင်ရွက်ပုံနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ အထွေထွေရွေးကောက်ပွဲကျင်းပမှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များအပြင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်