နေပြည်တော် ၂၇ ဇွန်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် နယူးဇီလန်နိုင်ငံ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Ombudsman)၏ အကြီးအကဲ Mr. Peter Boshier အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်တွင် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ ဖွဲ့စည်းကာ ကော်မတီလုပ်ငန်းဆောင်ရွက်နေမှု၊ ပြည်သူများထံမှ ပေးပို့တင်ပြလာသည့် တိုင်ကြားစာများ၊ အသနားခံစာများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအသီးသီး၏ ဖြေရှင်းဆောင်ရွက်နေမှု၊ နယူးဇီလန်နိုင်ငံရှိ Ombudsman ရုံးနှင့် ၎င်း၏ ဘဏ္ဍာငွေခွဲဝေရရှိမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall တို့ တက်ရောက်ခဲ့သည်။
သတင်းစဉ်


