နေပြည်တော် ၂၃ ဇူလိုင် 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမှာစကားပြောကြားရာတွင် ယခုကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသည် များစွာအရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းတို့ကို စိစစ်အတည်ပြုရမည်ဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်မတီများ၏လုပ်ငန်းဆောင်ရွက်ချက်များသည် များစွာအရေးကြီးပါကြောင်း၊ ကော်မတီများ၏လုပ်ငန်းဆောင်ရွက်ချက်များ လျင်မြန်တိုးတက်မှသာ လွှတ်တော်လုပ်ငန်းများလည်း လျင်မြန်ထိရောက်မည်ဖြစ်ပါကြောင်းနှင့် လွှတ်တော်၏ ရည်မှန်းချက်၊ ဆုံးဖြတ်ချက်များသည် အများပြည်သူအတွက် ပိုမိုအကျိုးရှိလာမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအနေဖြင့် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်လျက်ရှိသည့် ဥပဒေကြမ်းများ၊ တိုင်ကြားစာများ၊ အစီရင်ခံစာပါတွေ့ရှိချက်များနှင့် သုံးသပ်အကြံပြု ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်ဆိုင်ရာကော်မတီများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်သူ့လွှတ်တော် ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်