ပွင့်ဖြူ ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူ များက ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ (ပွင့်ဖြူ) ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများ အဖွဲ့က ပွင့်လင်းရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများ လျော့နည်း ကျဆင်းစေရေး ၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်၍ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည် တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများ အစားထိုး အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ပြတ်ကျနေသော ဓာတ်အားလိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းတပ်ဆင်ခြင်းလုပ်ငန်းများကို စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲ နိုင်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်အောင် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက် လျက်ရှိပြီး မြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင် ဒေသခံပြည်သူများ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိအောင် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်မီးရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )