တောင်ကြီး ဇူလိုင် ၂၅

 

ပြန်ကြားရေးဝန်ကြီး ဌာနသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအား ပြည်သူများ အသိပညာနှင့် သတင်းအချက်အလက်များ ရှာမှီးရာ နေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုး ပြည်ကျိုးကိစ္စများ ဆွေးနွေး တိုင်ပင်ရာနေရာ၊ ပြည်သူများ အကျွမ်းတဝင် ဝင်/ထွက်သွား လာရာနေရာများအဖြစ်ပေါ်ပေါက် လာစေရေးအတွက် လူထုအခြေပြု ဗဟိုဌာနများကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ တောင်ကြီးမြို့၌ တည်ဆောက်ပြီးစီးသည့် လူထု အခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံ သစ်ရှေ့၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် မြို့မိမြို့ဖ ဦးမောင်မောင်မြင့်တို့က လူထုအခြေပြုဗဟိုဌာန ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

လူငယ်ခေါင်းဆောင်များမွေးထုတ် ပေးနိုင်သည့်နေရာတစ်ခုဖြစ်

 

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန အဆောက်အအုံတွင် စာပေဗိမာန် အရောင်းဆိုင်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ် (Mini Museum)၊ ပြည်သူ့စာကြည့်တိုက်၊ အစည်းအဝေးခန်းမ၊ ကွန်ပျူတာခန်းမ၊ သင်တန်းခန်းမ၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမတို့ကို ထည့်သွင်းထားရှိပေးထားသည့်အတွက် ပြည်သူများအတွက် အသိပညာ၊ အတတ်ပညာ ဗဟုသုတ ရှာမှီးရာနေရာ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ လူထုအခြေပြု ဗဟိုဌာနရှိ ဆွေးနွေးပွဲခန်းမ၌ လူငယ်များ၏ အသိပညာမြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရေးနှင့် ရပ်ရွာအရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ရေး အတွက် လူငယ်အသင်း (Youth Club) က ဦးဆောင်၍ လူငယ်ရေးရာ လှုပ်ရှားမှုများဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ Network ကျယ်ပြန့်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ဖြစ်စေ နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လူထုအခြေပြု ဗဟိုဌာနသည် လူငယ်များ တွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာသည်နှင့် အမျှ Community ကျယ်ပြန့်လာကာ ရေရှည်ဖွံ့ဖြိုးတိုးတက်၍ လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါကြောင်း။

 

ထို့အပြင် တိုင်းရင်းသား လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီး၍ ယဉ်ကျေးမှုဓလေ့စရိုက်များ ထွန်းကားစေနိုင်ပြီး ပြည်သူများ အမှန်တကယ် အားကိုးအားထား ပြုနိုင်သည့် လူထုအခြေပြုဗဟို ဌာနအဖြစ် ပြောင်းလဲဆောင်ရွက် နိုင်သကဲ့သို့ လူထုအခြေပြု စာကြည့်တိုက်များဖြင့်ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သည့် ပုံရိပ်ကိုလည်း မြှင့်တင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း။

 

သတင်းအချက်အလက် ရှာဖွေရာနေရာ

 

နိဂုံးချုပ်အနေဖြင့် လူထုအခြေပြုဗဟိုဌာနတွင် မိမိတို့ ဝန်ကြီးဌာနအပြင် ပြည်နယ်အစိုးရနှင့် အလှူရှင်တို့က ဘက်ပေါင်းစုံမှ တတ်နိုင်သမျှဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် လူထုအခြေပြု ဗဟိုဌာနသည် မြို့အင်္ဂါရပ်နှင့်အညီ မရှိမဖြစ် ထားရှိသင့်သည့်နေရာ၊ အသိပညာ ဗဟုသုတများ ရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာ နေရာဖြစ်လာအောင် အလေးထားပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် လူထု အခြေပြု ဗဟိုဌာန (တောင်ကြီး) အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေး ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များအားကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကား ပြောကြားပြီး တောင်ကြီးမြို့မှ မြို့မိမြို့ဖ ဦးမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးလျက်ရှိသည့် အစီအစဉ်များကို ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများ ဖမ်းယူကြည့်ရှု နိုင်ရန်အတွက် MRTV DVB – T2 Set Top Box အလုံးရေ ၅၀၀ နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တပ်နယ်မိသားစုများအတွက် အလုံးရေ ၅၀၀ ကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က လက်ခံရယူသည်။

 

ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။

 

ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွက် DTH စလောင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအား ပေးအပ်ပြီး လူထုအခြေပြု ဗဟိုဌာန (တောင်ကြီး) အဆောက်အအုံဆိုင်ရာ စာရွက် စာတမ်းများကို မြန်မာ့ကြယ်စင်လင်း ကုမ္ပဏီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

 

လှည့်လည်ကြည့်ရှုအားပေး

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက လူထုအခြေပြု ဗဟိုဌာန အဆောက်အအုံရှိ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ကလေး စာဖတ်ခန်း၊ အနုပညာခန်း၊ ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်၊ အားကစားခန်းမ၊ ကွန်ပျူတာ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမနှင့် ကလေးကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

အခမဲ့အသုံးပြုနိုင်

 

ယခုဖွင့်လှစ်သည့် လူထု အခြေပြုဗဟိုဌာန အဆောက် အအုံသည် B.O.T စနစ်ဖြင့် တည်ဆောက်သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်သည့် အဆောက်အအုံဖြစ်ပြီး ပြည်သူ များနှင့် ကျောင်းသား ကျောင်းသူများ သတင်းအချက်အလက်နှင့် နည်းပညာ၊ အားကစား၊အနုပညာ၊ စာပေစကားဝိုင်း ဆွေးနွေးပွဲများနှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို အခမဲ့ ဝင်ရောက်လေ့လာ အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကြီးမြို့တွင် Digital စနစ်ဖြင့်အသစ် တည်ဆောက်ပြီး ဖြစ်သော Jasmine Taunggyi ရုပ်ရှင်ရုံ (ယခင် မြို့မရုပ်ရှင်ရုံ) ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ သည်။

 

သတင်းစဉ်