နေပြည်တော် ၂၈ ဇွန်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ဒလဘက်ကမ်း၌  မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ Soosung, Dohwa, Jinwoo ကုမ္ပဏီတို့မှ တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်၊ ဒလဘက်ကမ်းဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်၊ Qualtity Control Plan နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးစီမံချက်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒလဘက်ကမ်း A-1 ဘိုးပိုင်စတင်တူးနေမှု၊ စီမံကိန်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နိုင်ရန်ဆောင်ရွက်ထားရှိမှု၊ ဆိပ်ကမ်းမှတစ်ဆင့် တံတားတည်ဆောက်ရေး ပစ္စည်းများ သယ်/ချနိုင်မှု အခြေအနေတို့ကို ကြည်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်ဘက်ကမ်းသို့ရောက်ရှိပြီး Contractor GS Engineering & Construction မှ တာဝန်ရှိသူတို့က တံတားတည်ဆောက်ရေးစီမံကိန်း၊ ရန်ကုန်ဘက်ခြမ်းတွင် တာဝန်ယူဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရန်ကုန်ဘက်ခြမ်း RAP – 1 ဘိုးပိုင်စတင်တူးနေမှုကို ကြည့်ရှုအားပေးသည်။

မြန်မာ - ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းစတင်ဆောင်ရွက်ခြင်းသည် ပြည်သူများ၏ မျှော်လင့်ချက်ကို အကောင်အထည်ဖော်ပေးလိုက်ခြင်းဖြစ်ပြီး တံတားကြီးသည် ရန်ကုန်မြို့၏ Land Mark တစ်ခုဖြစ်ကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုနှင့်အတူ မြို့ပြဒေသဖွံ့ဖြိုးတိုးတက်လာကာ သွားလာရေးလွယ်ကူအဆင်ပြေချောမွေ့ပြီး ကုန်စည်စီးဆင်းမှုများလည်း သွက်လက်မြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်