နေပြည်တော်  ၂၃  ဩဂုတ် 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၅)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင်ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တပ်ဖွဲ့ဝင်နှင့်မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ အမျိုးသား၊ အမျိုးသမီး ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီး ဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အသင်းက  ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အသင်းအား (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘော ဗိုလ်လုပွဲစဉ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အသင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အသင်းကို (၃)ပွဲ(၁)ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကိုကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ပင့်ထောင်ဆု၊ ရိုက်ခုတ်ဆု၊ ပိတ်ဆို့ဆု၊ စပေးဘောဆု၊ ဆယ်မဆုနှင့် အကောင်းဆုံး အားကစား သမားဆုများနှင့် တတိယရရှိသော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အမျိုးသမီးအသင်း စည်ပင်သာယာ ရဲတပ်ဖွဲ့၊ အမျိုးသားအသင်းအား ရဲချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ ဒုတိယရရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အမျိုးသားအသင်းအား ပြည်ထဲရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူ ဦးသိန်းဦးကလည်းကောင်း၊ ဒုတိယရရှိသော ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အမျိုးသမီးအသင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဇနီးက လည်းကောင်း၊ ပထမရရှိသော ယာဉ်ထိန်းရဲတပ်ဖွဲ့ အမျိုးသမီးအသင်းအား ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပထမရရှိသော ယာဉ်ထိန်းရဲတပ်ဖွဲ့အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ခဲ့ပြီး အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမရရှိခဲ့ကြသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမျိုးသားအသင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အမျိုးသမီးအသင်းတို့အား တံခွန်စိုက်ဒိုင်းများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်